မွေးဌာနီ ရွှေပြည်မြန်မာ ဗိမာန်နန်းဆီသို့
အတွေးလွှာစီ နေခြည်အဖြာ စိတ်မှာမှန်းရွယ်ဆ
တမ်းတကာ လွမ်းစာဖွဲ့ပို့ကဗျာ
သြော်….ကျန်းမာရဲ့တို့မြန်မာ။
တပါးမြေမှာ အနေကြာသော်လည်း
သွားလေရာမှာ မြန်မာအရေးဆို
မနားမနေပါ အခါ မရွေးပါဘု
ဆွေးနွေးမယ် ဘယ်မှာငြင်းပါလိမ့်
သွေးချင်းယှက်ဖြာ။
အလှဝေဆာ စိမ်းလန်းနုသစ်စေတဲ့
မြန်မာ့ပြည်မှာ ငြိမ်းချမ်းဆုအနှစ်တွေကို
ထုဆစ်ကာ ပေးလိုက်ချင်ရဲ့
ဘေးဘယာတွေ ဝေးကွာစေကြောင်း
ဆုတောင်းရ အခါခါ….
ကိုယ့်စိတ်မှာ မြေ့ချမ်း။
သာယာချင်ပါရဲ့
အာဏာရှင် စံနစ်ဆိုးတွေ ချုပ်ငြိမ်းလို့
ရုတ်သိမ်းရင် ဘယ်လောက်ကောင်းလိမ့်မလဲ
အနှုတ်လက္ခဏာ အပေါင်းကိုပြောင်း
အကျိုးဖြစ်စေတဲ့ အကြောင်းတရားကို
ပေါင်းစုကာ အခါမလင့်စေပဲ
အနာဂါတ် အခြေသာအောင်
ကမ္ဘာပတ် ဖွေရှာစမ်းလကွဲ့
မြန်မာ့ ဇာတ်ဝင်ခန်း။
မင်းထက်မိုး (GHRE)
Labels: ကဗျာ
သမိုင်းကို သွေးနဲ့ရေး
အသက်တွေ စတေးခဲ့ပေမယ့်
မသေ သေးတဲ့ ၀ိညာဉ်များ…..
(၁)
သွေးစွန်းသက္ကရာဇ်
ရှစ်ဆယ်ရှစ် ကထဲက
အမာရွတ်ထင်ကျန် နှလုံးသားများ….
နေလောင်တိမ်တိုက်တွေလို
နီရဲရဲ နာကျည်းမျက်နှာများ…..
ခံစားမှုနဲ့ နိုးကြားနေပြီး
သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ်များ….
ခံပြင်းမှုနဲ့ အံကြိတ်လို့
ကျစ်လစ်အောင် ဆုပ်ထားတဲ့
ခင်းဗျားတို့ရဲ့ တော်လှန်လက်သီးများ…
အားလုံးကို….
ကျနော် ဦးညွှတ်ဂုဏ်ပြုတယ်။
(၂)
လ တွေကြာ နှစ်တွေပြောင်းခဲ့ပြီ
ဒါပေမယ့်
ဒီမိုကရေစီ တိုက်ပွဲတုန်းက
ကျဆုံးသူတွေရဲ့သွေးတွေ
အဓိပတိ လမ်းမပေါ်မှာ
မြို့လယ် လမ်းမတွေပေါ်မှာ
ခုထိ ရွှဲရွှဲစိုနေဆဲ…
သွေးညှီနံ့ သင်းသင်းကို
မြစ်လေညှင်းတို့က သက်သေခံနေတယ်။
(၃)
စစ်ခွေးဘီလူး
အာဏာရူးတွေရဲ့ လက်ကိုင်တုတ်
ယုတ်မာသူတို့ရဲ့လူသတ်လက်နက်များ
စက်သေနတ်တွေကြား
စစ်ဖိနပ်တွေကြား
ရက်စက် ရိုင်းစိုင်းမှုတွေရဲ့အောက်မှာ
ကျောင်းသားလူငယ်တွေရဲ့ နှလုံးသွေးစက်တွေ
ပြည်သူတွေရဲ့ အသက်တွေ
ပြီးတော့…မျက်ရည်တွေ
ဒါဟာ…အမိမြေ လွတ်လပ်ဖို့
အမိမြေ ငြိမ်းချမ်းဖို့
ပေးဆပ်ခြင်း သင်္ကေတတွေ ဆိုပေမယ့်
အားလုံးနဲ့ထပ်တူ ကြေကွဲဆို့နင့်စွာ…။
(၄)
တောက်….
သစ္စာဖောက် သဘောက်သားတွေ
လမ်းမှားကိုလိုက် ကမ်းကုန်အောင်မိုက်လို့
ရမ်းကားချင်တိုင်း ရမ်းကား
လူတန်းစား လက်တစ်ဆုပ်စာကို ကိုယ်စားပြု
လူထု အခွင့်အရေးကို လစ်လျူရှု
ပြည်သူ့ ဘဏ္ဍာစား
ပြည်သူကို စော်ကား
နိုင်ငံ့အားကို လက်နက်နဲ့တည်ဆောက်
နိုင်ငံကို နွံအောက်ရောက်အောင်လုပ်
စုတ်ပြတ်တဲ့ အရည်အချင်းတွေနဲ့
မင်းလုပ် အုပ်ချုပ်နေတာ
အံ့ပါရဲ့…အံ့ပါရဲ့ဗျာ.။
(၅)
သေနတ်ကို အားကိုး
အမျိုးမချစ် မျိုးမစစ်
ဆိုးညစ်တဲ့ လုပ်ရပ်တွေနဲ့
သက်မဲ့ ခန္ဓာတွေပေါ်
အာဏာ ထူထောင်လိုသူတွေ…
ဒင်းတို့ကို ဒဏ်ခတ်
အပြစ်ဒဏ် အထပ်ထပ်ချဖို့
တိုက်ပွဲဝင် ၀ိညာဉ်တွေက
တရားစီရင်လိမ့်မယ်
သေမင်းက အဆင်သင့်စောင့်နေလျက်ပဲ။
(၆)
တိုင်းပြည်အိမ်မက်ဆိုးတွေထဲ
ခမ်းခြောက်နေတဲ့ ဒီမိုကရေစီ
မမျှတနိုင်သေးတဲ့ လူ့ဘဝ
မလှပနိုင်တဲ့ ကောင်းကင်
မမြင်ရသေးတဲ့ အာရုဏ်ဦး
မငြိမ်းချမ်းဖူးတဲ့ အမိမြေအတွက်
မပြီးဆုံးသေးတဲ့ တိုက်ပွဲကို
လက်ချင်းယှက် အသက်နှင်းဆက်လို့
ဆက်လက်ချီတက် ဆင်နွှဲကြပါစို့။
သမိုင်းကို သွေးနဲ့ရေး
အသက်တွေ စတေးခဲ့ပေမယ့်
လွတ်လပ်ရေး ကြွေးကြော်သံတွေနဲ့
မသေ သေးတဲ့ ၀ိညာဉ်များ
သူတို့ရဲ့အား…
ညီညွှတ်ခြင်းစွမ်းအား…
အားလုံးနဲ့ အတူတူ
အောင်လံထူမယ့် နေ့သစ်ဆီသို့။
မင်းထက်မိုး (GHRE)
Labels: ကဗျာ
ကြမ်းတမ်း ဘ၀ထဲက အတွေးရိုင်းများကြောင့် ပြောရမလား…ကြမ္မာ မုန်တိုင်း ဒဏ်ကြောင့် လှိုင်းထန် ခဲ့တယ်လို့ ဆိုရမလား…ယိုးမယ် ဖွဲ့လို့ ကုန်မှာ မဟုတ်ပါဘူး။ လူ့ လောကထဲကို မျက်ရည် လမ်းခင်းပြီး ၀င်လာပြီ ဆိုကထဲက မပြောပ လောက်တဲ့ အဆင်ပြေမှု အနည်းငယ်က လွဲလို့ ဘ၀ တလျှောက်လုံးမှာ ခရောင်းတောထဲကို တိုးဝင် ဖြတ်သန်း ခဲ့ရတာက များပါတယ်။ အဆင်မပြေ မှုတွေဟာ ဘ၀ရဲ့ထာဝရ အဖော်မွန်ပါ။ စိတ် ဖိစီးမှု တွေကြောင့် အသက်ငယ်ငယ်နဲ့ နုပျိုတဲ့ အရွယ်ပိုင်ဆိုင်မှုကို စွန့်လွှတ်ခဲ့ရတယ်။
နုံချာ စုတ်ပြတ်တဲ့ ဘ၀မှာ လောကဓံကို အံကြိတ် ရင်ဆိုင်လို့ ကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှု ရလဒ်တွေကို နေစဉ် စားနေတဲ့ ထမင်းကြမ်းခဲနဲ့ ငပိရည်က သက်သေခံတယ်။ တစ်ခါတစ်ရံ ဆန်ပြုပ် နဲ့ ထမင်းရည်က ဝေဒနာ ဖြေဆေးတွေ။ ထမင်း တစ်လုပ် ရေ တစ်မှုတ် စားသောက်ရဖို့ အရေးကို ဆိုက္ကားနင်း၊ဈေးရောင်း၊ကုန်ထမ်းပြီး ပင်ပမ်းကြီးစွာနဲ့ ရုန်းကန် လှုပ်ရှားရင်း ဘ၀ကြမ်းကြမ်းကို မျက်ကန်းတစ်ယောက်လို လျှောက်လှမ်းနေချိန်မှာပဲ နိုင်ငံရေး ပြောင်လဲမှုနဲ့ တိုင်းပြည်စီးပွားရေး ချွှတ်ခြုံ ကျမှုကြောင့် နေဆယ်စင်း အောက်က လောင်မြှိုက်ခံ ဘ၀ဟာ အရှင်လတ်လတ် ငရဲအိုးထဲ ကျသွားသလို အလူးလူး အလဲလဲ ခံစား ခဲ့ရပြန်တယ်။
ကျုပ်နဲ့ထပ်တူပါပဲ၊ အခြေခံ အောက်ခြေ လူတန်းစားတွေရဲ့ဘ၀ပေါင်း မြောက်များစွာဟာ လူ့ရယ်လို့ ဖြစ်လာထဲက လူ့ဂုဏ်သိက္ခာနဲ့ ညီညွတ်တဲ့ ရှိပြီးသား အခွင့်အရေးတွေ ဆုံးရှုံး ခဲ့ကြရတယ်။ နေလောင်ခံ နှလုံးသားတွေရဲ့ ဘ၀ဟာ စမ်းရေ အေးတာနဲ့ ပန်းတွေ မွှေးတာကို ခံစားခွင့် မရသလို၊ လေပြေ လာတာနဲ့ လ သာတာကိုလည်း မရင်းနှီးခဲ့ကြပါဘူး။ ဥတုပြောင်းလဲခြင်း ရသတွေနဲ့ အချိန်ရဲ့ဆည်းဆာခင်း လှလှ လေးတွေကို ငေးကြည့် ခံစားဖို့ မပြောနဲ့ စိတ်ကူးယဉ် တွေးလို့ မရအောင် ဘ၀က ဒဏ်ခတ်ခဲ့တယ်။ အပမ်းဖြေ အနားယူတယ် ဆိုတာကလည်း ကျုပ်တို့နဲ့ မသက်ဆိုင်သလိုပဲ ခွဲခြားခြင်း၊ ကွဲပြားခြင်းရဲ့ကမ္ဘာတစ်ဖက်ကို ရောက်နေလေရဲ့။
ဆင်းရဲ မွဲတေမှုဟာ ကျုပ်တို့ရဲ့ဖွားဘက်တော် ဆိုရင်လည်း မမှားပါဘူး။ မနက် နေ့ ည အချိန်နဲ့အမျှ ကြိုးစား လုပ်ကိုင်ကြပေမဲ့ လုပ်အားနဲ့ မမျှတတဲ့ လုပ်အားခ ၀င်ငွေလေးဟာ ကုန်ဈေးနှုန်း ကြီးမြှင့်မှု အရှိန်အ၀ါ အောက်မှာ အမြဲတမ်း သိမ်ငယ် နေခဲ့ရတယ်။ မိသားစု စား ၀တ် နေရေး မပြောနဲ့ ရှာဖွေသူ တစ်ဦးအတွက် တောင်မှ လောက်ငှဖို့ အနိုင်နိုင်။ လူတွေ ပြောပြောနေကြတဲ့ အသက်ရှင် နေနိုင်ခွင့်တို့၊ လူမှုဘ၀ ဖူလုံခွင့်တို့၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်နိုင်ခွင့်တို့ ဆိုတာက ကျုပ်တို့လို လူတန်းစားတွေကို ကျောခိုင်းနေလေရဲ့။ ဒါပေမယ့် ကျုပ်တို့မှာ မရေရာတဲ့ မျှော်လင့်ချက် တစ်ခုတော့ ရှိတယ်။ အဲဒါက ကျုပ်တို့ဘ၀ရဲ့ ကြက်ခြေခတ် နေ့စွဲလေးတွေ ကုန်ဆုံးမယ့် ရက်ကိုပေါ့။
ကြုံတုန်းပြောရဦးမယ်… ကျုပ်တို့မြန်မာပြည်မှာ နိုင်ငံရေးအရ အမြတ်ထုတ် တဲ့ စကားလုံး အသုံးတစ်ခုရှိတယ်။ ဘာတဲ့…တောင်သူလယ်သမားနဲ့အလုပ်သမား တွေဟာ တိုင်းပြည်ရဲ့ အခြေခံလူတန်စား နှစ်ရပ်ဖြစ်သတဲ့..။ အရမ်းမှန်တဲ့ စကားလုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူတွေဟာ တိုင်းပြည်ရဲ့အခြေ(အောက်ခြေ) မှာနေရပြီး အထက်မှာနေတဲ့ ရေပေါ်ဆီ လူတန်းစားတွေနဲ့ အာဏာရစ်မှုး တဏှာရူး အုပ်ချုပ်သူ လူတန်းစား အဆင့်အဆင့်ရဲ့မတရား လုပ်သမျှခံ၊ ဖိနှိပ်မှု မှန်သမျှကို ခေါင်းငုံ့ခံ နေရလို့ပါပဲ။ အဲဒီလို အခြေမှာနေပြီး ခံခံ နေရလို့ အခြေခံလူတန်းစားလို့ ဆိုတာပေါ့။ကျေးလက်နေ တောင်သူလယ်သမား တွေဟာ လယ်တော ယာတော ကွင်းပြင်တွေထဲမှာ နေပူ မိုးရွာ မရှောင် နွားနဲ့ဖက်ပြီး ရုန်းကန် လုပ်ကိုင်ရင်း နိုင်ငံ့ဝမ်းစာကို ဖြည့်တင်းနေကြပေမယ့် သူတို့ရဲ့အိမ်က စပါးကျီ နဲ့ ၀မ်းစာပုတ် တွေထဲမှာတော့ စပါးဟောင်းလောင်း ဆန်ဟောင်းလောင်း။ ဒီလိုပဲ ကုန်ထုတ်လုပ်မှု စွမ်အား မြှင့်တင်ဖို့နဲ့ လူသုံးကုန်ပစ္စည်း တိုးတက် ထုတ်လုပ်မှုအတွက် စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား အများစု မှာလည်း မ၀ရေစာ ၀န်ထမ်းလစာကို အမှီပြုလို့ ၀တ်စရာမရှိ..၊ နေစရာ နတ္ထိ.။ သူတို့မှာရှိတဲ့ အားအင်တွေ၊ လုံ့လစိုက်ထုတ်မှုတွေ၊ အသက်၊ ချွေး၊ သွေးတွေ စတေးပြီး တိုင်းပြည်ကို ပူဇော်ခဲ့ကြပေမယ့် သူတို့တတွေ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ အ၀၀နဲ့ ဆင်းရဲ ကြပ်တည်းမှု ပြဿနာတွေ ဖြေရှင်းရာမှာတော့ အစိုးရရဲ့ လစ်လျုရှုခြင်း ရသခါးခါးတွေ ကိုသာ ရရှိခဲ့တယ်။ သိပ္ပံပညာရှင် နယူတန် ရှိနေသေးရင်း မြန်မာစစ်အစိုးရ လုပ်ခါမှ ငါ့နိယာမ မှားသွား လေခြင်းရယ်လို့ ချုံးပွဲချ ငိုလေမလား မသိ။ စစ်အစိုးရ အဆက်ဆက် တိုင်းပြည် ကောင်းစားရေး လုပ်ကွက်တွေ ကြောင့် ကျယ်ပြောတဲ့ လယ်တောမှာ ရယ်မောစရာတွေ ဆိတ်သုဉ်းလို့ ရင်မောစရာတွေ ပြည့်နှက်လို့ နေတာ ကြာခဲ့ပါပြီ။
အိမ်ထောင်စု တစ်စုမှာ သားသမီးတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလူမှုရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးဖို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ မိဘနှစ်ပါးမှာ အဓိက တာဝန်ရှိသလို၊ သားသမီးတွေရဲ့သိတတ်မှု၊ ပံ့ပိုးမှု၊ တုန့်ပြန်ကူညီမှု တွေဟာလည်း အရေးကြီးပါတယ်။ဒါမှသာ ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။ အဲဒီလို မဟုတ်ပဲ မိဘတွေကလည်း တာဝန်မဲ့၊ ကျန်သူတွေကလည်း ၀တ္တရားပျက် ဆိုရင်တော့ မကြာခင် အဲဒီ အိမ်ထောင်စုဟာ ပြို ကွဲသွားမှာ သေချာ နေပါတယ်။ နိုင်ငံ တစ်နိုင်ငံ မှာလည်း ဒီလိုပါပဲ။ကျုပ်တို့ တိုင်းသူပြည်သားတွေရဲ့လူမှုဘ၀ ဖူလုံရေးနဲ့ အခြား လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ပြည်သူလူထုတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ပေဖို့ အဲဒီ နိုင်ငံရဲ့အစိုးရမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။
မြန်မာပြည် အနေအထားကတော့ ဒီလို မဟုတ်ပါဘူး။နိုင်ငံသူ နိုင်ငံသားတိုင်းက အမိမြေအတွက် တာဝန် ကျေပွန်အောင် ထမ်းဆောင်ကြပေမယ့် အစိုးရကတော့ ပြည်သူတွေ အပေါ်မှာ အကြွင်းမဲ့ ၀တ္တရား ပျက်ကွက်ခဲ့တယ်။ ပြည်သူပြည်သားတွေရဲ့လူမှုဘ၀ မပြည့်စုံ မှုတွေကို မျက်ကွယ်ပြုပြီး ထင်ရာစိုင်းလို့ လူ့ အရိုင်းကောင်တွေ ဖြစ်နေကြတယ်။ ဒါ့အပြင် ပြည်သူ အများ ပိုင်ဆိုင်ခွင့် ရှိပြီး မြေပေါ် မြေအောက်က ရရှိ့တဲ့ သယံဇာတ ပစ္စည်းတွေကို မတရား ဂုတ်သွေးစုပ်…၊ ကိုယ့်အထုပ်ထဲ ကိုယ်ထည့် …၊ အများပြည်သူကို မငှဲ့ပဲ လူသတ်လက်နက် အားကိုးနဲ့ ရက်စက်မှုတွေကို ရက်ဆက်ပြီး လုပ်ကြ သေးတယ်။ဒါ့အပြင် သူတို့ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကို ဖုံးဖိဘို့ ဟန်ပြ လုပ်ဇာတ်တွေနဲ့ ပြည်သူတွေကို လှည်စားဖို့ ကြိုးစား…။ ဘုရားတည် ကျောင်းဆောက်၊ လမ်းဖောက် တံတားခင်း၊ တာတမံတွေ ဆည်ဖို့ရင်း ရှိုးပြအခင်းအကျင်းတွေ နဲ့ မြန်မာပြည်ကြီး အဖက်ဖက်က တိုးတက်နေပါပြီတဲ့…. ကမ္ဘာကို (စစ်အစိုးရ မီဒီယာ တွေရဲ့လက်သုံးစကာနဲ့ ပြန်ပြောရရင်) မိုးလုံးပြည့် မုသားတွေ သုံးလို့ လိမ်ညာလိုက်တာကလည်း ရွံစရာအတိ။ ကျန်တာတွေ တိုးတက်တာ ကျုပ် မမြင်မိဘူး။ အရွယ်မရောက်သေးတဲ့ ကလေးဦးရေ သေဆုံးမှုနဲ့ ဆင်းရဲသားဦးရေ တိုးတက်မှု၊ ကုန်ဈေးနှုန်း အဆမတန် တိုးတက်မှုတွေကိုတော့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ ဆင်သားရေကို ယင်နားရွက်နဲ့ဖုံး။မင်းသားခေါင်း ပြုတ်ကျလို့ ခွေးဘီလူးရုပ်က ဘွားကနဲ ပေါ်..။ အရှက်တော်ကွဲ..အမျက်တော်စွဲလို့ အသက် လျှော်ကြေး ပေးရမှာ ကြောက် ။ စားခွက် အပျောက်ရိုက်ပွဲတွေ ဆင်နွှဲရတာလည်း ခဏခဏ ပါပဲဗျာ။
အမျိုးမချစ် မျိုးမစစ်၊ ဆိုးညှစ်တဲ့ လုပ်ရပ်တွေနဲ့ အိမ်တွင်းသူခိုးဖြစ်နေတဲ့ အာဏာရှင် စစ်အစိုးရ လက်အောက်က မြန်မာပြည်ဟာ ဘယ်သူ့အားကိုးနဲ့ ဆင်းရဲတွင်းနက် နေသလဲဆိုတာ စဉ်းစားလို့ မရတော့ဘူး။ ကျန်းမာရေး မကောင်းလို့ ဆေးရုံမသွားလေနဲ့၊ သေဖို့ က (၉၀)% ကျိန်းသေတယ်။ စစ်တပ်ဆေးရုံတွေကလွဲလို့ တစ်ပြည်လုံးမှာ ရှိတဲ့ ဆေးရုံအားလုံး ကုသဖို့ဆေး လုံးဝမရှိဘူး။ စာမတတ်လို့ ကျောင်းမသွားလေနဲ့… မူလတန်း ကျောင်းသားတစ်ဦး ရဲ့ ကျောင်းဝင်ကြေး၊ စာအုပ်ဖိုး၊ ဘာကြေး ညာကြေးတွေက ရွှေဈေးထက် ကြီးသေးတယ်။သင် ပေးတဲ့ စာတွေကလည်းကြည့်ဦး..အာဏာရှင်စံနစ် သက်ဆိုးရှည်စေမယ့် ကျွန်ပညာရေးကို အကွက်ကျကျ အကောင်အထည်ဖော်နေတယ်။ ဒါကြောင့်မို့ ပညာရေး လေ့လာသူ အချို့က..မြန်မာပြည် စာသင်ကျောင်း တွေက ကျောင်းနဲ့မတူပဲ၊ ကျွန် လူတန်းစားတွေ၊လူသားစက်ရုပ်တွေကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေနဲ့ တူတယ်လို့ ပြောတာပေါ့။ မြန်မာပြည်ရဲ့ဘက်စုံ အခင်းအကျင်းကို ဘယ်ရှုထောင့် ဘယ်ပုံစံနဲပဲ ကြည့်ကြည့် အားရစရာ၊ စိတ်ချမ်းသာစရာ ဆိုလို့ ဘာတစ်ခုမှ မရှိဘူး။
သူခိုး၊ ဓါးပြ၊ မုဒိမ်းကောင်၊ လူသတ်သမား၊ သာသနာဖျက် အကောင်တွေရဲ့ မတရား ဗိုလ်ကျ စိုးမိုး အနိုင်ကျင့် နှိက်စက်မှုအောက်က ပြည်သူတွေရဲ့ဘ၀ဟာ တောက်ခေါက် အံကြိတ်၊ လက်ညှိုးထောင် ခေါင်းညိတ်ရုံက လွဲလို့ အသည်းမှာ နာစရာမကျန်အောင် ဆယ်ခါပြန် သဒ္ဒါလန် ခဲ့တာလည်း နှစ်ပေါင်း (၄၀) ကျော်ခဲ့ပါပြီ။ အဲ…ငါ မနိုင်မ သားတွေ အကြောင်း ပြောမိလို့ ကျုပ်ဘ၀ရဲ့ မသေချာတဲ့ မျှော်လင့်ချက်ကို ဖော်ပြဖို့ မေ့သွားတယ်။ တဖက်က ကြည့်ပြန်တော့ ပြောမပြလို့လည်း မရပြန်ဘူး။ ကျုပ်တို့တိုင်းပြည်မှာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မှ မရကြတာ၊ ကျုပ်တို့ ပြည်သူတွေရဲ့ကြမ္မာကို လူစိတ်မရှိတဲ့ စစ်ဘီလူးတွေကသာ သူတို့စိတ်တိုင်းကျ ကြိုးဆွဲနေ ကြတာမဟုတ်လား။ ကျုပ်လည်း သူတို့ကြိုးဆွဲရာ က ရမယ့်အစား ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရနိုင် မယ်ထင်တဲ့ တစ်ပါးတိုင်းပြည်ရဲ့လ ရိပ်မှာ ခိုဝင်ဖို့ ကြိုးစားရင်း အမိမြေကို ယာယီ စွန့်ခွာလာခဲ့တယ်။
အားမတန် မာန်လျှော့
ဖျော့တော့ နှလုံးသားမှာ
ဒဏ်ရာတွေ ပြည့်နှက်
ရက်စက်မှုတွေနဲ့ ကင်းဝေးရာ
ရေကြည်ရာ မြက်နုရာ
ဖွေရှာလို့ထွက်ခဲ့
တစ်ပြည် တစ်ရွာရဲ့ ရင်ခွင်
ညှင်သာစွာ ခိုဝင်နား
မျှော်လင့်ချက် များစွာဖြင့်။
(ဆက်လက်ဖော်ပြပါမည်။)
Labels: ရသဆောင်းပါး
